Yadanabonmyint Monastery
Myanmar Name: | ရတနာဘုံမြင့်ကျောင်းတိုက်၊ မော်လမြိုင် |
Other Name: | စိန်တုန်းမိဖုရားကျောင်း |
Type of Asset: | Architecture [ဗိသုကာလက်ရာများ] |
Location: | Kyaikthanlan Pagoda, Southern Gate, Mawlamyine, Mon State. [ကျိုက်သံလန်ဘုရား (ကျိုက်သလ္လံစေတီ)၊ တောင်ဘက်မုခ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။] |
Asset Information
-
The Yadanabonmyint Monastery in Mawlamyine was the residence of Venerable Sayadaw Thangaza and Venerable Sayadaw Wazi Rama, who were the royal preceptors of Queen Sein Don, a consort of King Mindon. The monastery was built in 1886, with Queen Sein Don taking the lead and the wealthy Daw Shwe Pwint of Mawlamyine providing the donation.
Because the monastery was intended for Queen Sein Don, who had taken refuge there after fleeing Mandalay, Burmese artisans from Mandalay were brought in to create a space filled with the essence and traditional craftsmanship of their city. The monastery is lavishly decorated with tiered Burmese roofs, and the interior is adorned with carvings, Buddhist stories in relief, figures of celestial beings, and beautiful glass mosaics.
In the queen's prayer room, there are rare ivory carvings offered as a tribute. The magnificent royal throne in the center of the monastery was built to replicate the golden throne from the Yadanabon kingdom. With its Burmese carvings, sculptures, and wall decorations, the monastery is an ideal site for those studying Burmese architecture.
In 2017, engineers from the Department of Archaeology, National Museum and Library conducted a field inspection. The monastery has sustained damage from storms and weather, and the abbot and donors have undertaken preservation efforts. However, for the entire Yadanabon Myint Monastery, which is rich in traditional Burmese craftsmanship, to endure, it will require the combined efforts of donors, technical expertise, and specialists for its conservation.
-
မော်လမြိုင်၊ ရတနာဘုံမြင့်ကျောင်းတိုက်သည် မင်းတုန်းမင်းတရားကြီး၏ မိဖုရားတစ်ပါးဖြစ်သော စိန်တုန်းမိဖုရား ကိုးကွယ်သည့် သင်္ဂဇာဆရာတော်နှင့် ဝဇီရာမဆရာတော်တို့ သီတင်းသုံးခဲ့ရာ ဘုန်းကြီးကျောင်း တစ်ခုဖြစ်သည်။ ၁၈၈၆ ခုနှစ်တွင် စိန်တုန်းမိဖုရားကြီးမှ ဦးစီး၍ မော်လမြိုင်သူဌေးမကြီး ဒေါ်ရွှေပွင့်မှ လှူဒါန်းဆောက်လုပ်ခဲ့သည်။
မန္တလေးမှ တိမ်းရှောင်လာသူ စိန်တုန်းမိဖုရားအတွက် ရည်ရွယ်သောကြောင့် မန္တလေးအငွေ့အသက် မြန်မာမှုအနုလက်ရာတို့နှင့် ပြည့်နှက်နေစေသော ဝန်းကျင်ငယ်တစ်ခု ဖန်တီးရန်အတွက် မန္တလေးမှ မြန်မာမှုပညာရှင်တို့အား ခေါ်ယူဆောက်လုပ်စေခဲ့ပါသည်။ မြန်မာမှု ဘုံအဆင့်ဆင့်အမိုးပြသာဒ်များ၊ ကျောင်းအတွင်းပိုင်းတွင်လည်း ပန်းပု၊ ရုပ်လုံးဗုဒ္ဓဝင်များ၊ နတ်ရုပ်များ၊ မှန်စီရွှေချအလှအပတို့ဖြင့် ဝေဝေဆာဆာရှိလှသည်။
မိဖုရားကြီး၏ ဘုရားဝတ်ပြုရာ ဘုရားခန်းဆောင်တွင်လည်း ရှားပါးလှသော ဆင်စွယ်ပန်းပုပုံတို့ဖြင့် ပူဇော်ထားလေသည်။ ကျောင်းကြီး၏ အလယ်တွင် ခမ်းနားထည်ဝါစွာ နေရာယူထားသော ရာဇပလ္လင်တော်ကြီးသည်လည်း ရတနာပုံမင်းနေပြည်တော်မှ ရွှေပလ္လင်အတိုင်းပင် ပြင်ဆင်ဆောက်လုပ်ထားခြင်းဖြစ်သည်။ မြန်မာမှုပန်းပု ရုပ်လုံးရုပ်ကြွများနှင့် နံရံအလှတို့ကြောင့် မြန်မာမှုဗိသုကာပညာလေ့လာသူတို့အတွက် သင့်လျော်သော ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်သည်။
ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ အင်ဂျင်နီယာပညာရှင်များ ၂၀၁၇ ခုနှစ်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။ မုန်တိုင်းဒဏ်၊ ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများ ရှိပြီး ကျောင်းထိုင်ဆရာတော်နှင့် အလှူရှင်များမှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ထားပါသည်။ မြန်မာမှုအနုလက်ရာတို့ဖြင့် ပြည့်နှက်သော ရတနာဘုံမြင့်ကျောင်းကြီးတစ်ခုလုံးသည် အလှူရှင်၊ နည်းပညာနှင့် ပညာရှင်တို့မှ ပူးပေါင်းထိန်းသိမ်းဆောင်ရွက်မှသာ အဓွန့်ရှည်လိမ့်မည် ဖြစ်ပါသည်။





